
လူသားနဲ့ နည်းနည်းလေးသာ မထင်လိုက်ရာ
ဓမ္မဓရဆရာတော် ဒေါက်တာအရှင်ကုမာရ · ထုတ်ဝေသည့်နေ့: 01/10/2026
ဒီနေ့ အားလုံးသော တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်း သူတော်ကောင်းတို့အား
“လူသားနဲ့ နည်းနည်းလေးသာ မထင်လိုက်ရာ” ဆိုတဲ့ ခေါင်းစဥ်လေးနဲ့ ဟောပြောပြသ သင်
ကြားပေးမှာ ဖြစ်ပါတယ်။
ဓမ္မပဒ အသညတ.ပရိက္ခာရ.ဘိက္ခု.ဝတ္ထုမှာ-
“သေးသေးမွှားမွှား မကောင်းမှုလေးဟာ အကျိုးပေးမှာ မဟုတ်ပါဘူးလို့
မကောင်းမှုကို အထင်မသေးရာ၊ တစ်ပေါက်တစ်ပေါက်နဲ့ ကျနဲ့ မိုးရေပေါက်ကြောင့်
ရေအိုးပြည့်သွားသလို လူမိုက်ဟာ မကောင်းမှုကို နည်းနည်းချင်း ပြုလုပ်နေသော်
မကောင်းမှုနဲ့ ပြည့်သွားတယ်” လို့ ဘုရားရှင်ဟောထားတဲ့ စကားလေး တစ်ခုရှိပါတယ်။
လူသားမှာလည်း လူသားအလျှောက် မကောင်းမှုလေးတွေ လုပ်ဖြစ်တတ်ကြတယ်။ ရှင်, ရဟန်း
မှာလည်း ရှင်, ရဟန်းအလျှောက် မကောင်းမှုလေးတွေ လုပ်ဖြစ်တတ်ကြပါတယ်။
လူသားများ ယဥ်ကျေးအောင်, သိမ်းမွေ့အောင် ငါးပါးသီလနဲ့ ထိန်းထိိန်းသိမ်းသိမ်း နေခိုင်းပါတယ်။
ရှင်, ရဟန်းတို့မှာလည်း လိုက်နာကျင့်သုံးရမယ့် ဝိနည်းစည်းကမ်းတွေ ရှိပါတယ်။
လူသားတစ်ယောက်အနေနဲ့ဆိုရင်-
သူတစ်ပါးကို မသတ်ဖြတ်ခြင်း၊
သူတစ်ပါး ပစ္စည်းဥစ္စာကို မခိုးခြင်း၊
သူတစ်ပါး သားမယားကို မပြစ်မှားခြင်း၊
လိမ်ညာ မပြောဆိုခြင်း၊
အရက်သေစာ မူးယစ်ဆေး မသုံးစွဲခြင်းဆိုတဲ့ ငါးပါးသီလနဲ့ လူကောင်းသူကောင်းဖြစ်အောင် နေထိုင်နိုင်
ပါတယ်။ ဒီ (၅) ပါးထဲက တစ်ပါးတစ်ပါး ကျိုးရင် နည်းနည်းလေးသာ ကျိုးသွားတာပါဟု မထင်လိုက်ပါနဲ့။
နည်းနည်းများများ မကောင်းကျိုး ရတတ်ပါတယ်။
နောက်တစ်ခုက ဗုဒ္ဓဘာသာမှာ မကောင်းမှုများကိုလည်း စာရင်းအတိအကျနဲ့ ဖော်ပြပေးထားပါတယ်။
သတ်တာ၊
ခိုးတာ၊
ကာမဂုဏ်မှားတာ၊
လိမ်ညာတာ၊
ကုန်းတိုက်တာ၊
ဆဲဆိုခြိမ်းခြောက်တာ၊
အကျိုးမဲ့စကားပြောတာ၊
သူတစ်ပါးပစ္စည်းဥစ္စာကို အချောင်ရအောင် ကြံစည်တာ၊
သူတစ်ပါးဘဝကို ဖျက်လို ဖျက်ဆီးကြံစည်တာ၊
ကောင်းတာလုပ်လည်း ကောင်းကျိုးမရ၊ ဆိုးတာလုပ်လည်း ဆိုကျိုးမရလို့ အမြင်အယူမှားတာဆိုပြီး (၁၀) ပါးပြ
ထားပါတယ်။ ဒီတရား (၁၀) ပါးကို ဒုစရိုက်တရား (၁၀) ပါးလို့လည်း ခေါ်ပါတယ်။ ဒီတရား (၁၀)ပါးကို လုပ်ကိုင်ဆောင်ရွက်
နေသူကိုတော့ ဒုစရိုက်သမားလို့ ခေါ်တာပေါ့။ ဒီ (၁၀) ပါးထဲက တစ်ပါးတစ်ပါး လုပ်ဆောင်မိရင်လည်း နည်းနည်းလေးသာပါလို့
မထင်လိုက်ပါနဲ့။ နည်းနည်းများများ မကောင်းကျိုး ပေးတတ်ပါတယ်။
အထက်က ပြောပြခဲ့တဲ့ ငါးပါးသီလကို မထိန်းသိမ်းနိုင်လို့ သီလပျက်ရင် ရနိုင်တဲ့ အပြစ်တွေကိုလည်း ဒီဃနိကာယ် မဟာဝဂ္ဂပါဠိတော်
မဟာနိဗ္ဗာနသုတ် ဒုဿီလ အာဒီနဝါဆိုတဲ့ အခန်းမှာ-
စည်းစိမ်ဥစ္စာ ဆုံးရှုံးတတ်တယ်၊
နာမည်ဆိုးနဲ့ ကျော်ကြားလာတတ်တယ်၊
ပရိသတ်အကြား ကြောက်ကြောက်ရွံရွံနဲ့ ချည်းကပ်ရတတ်တယ်၊
တွေတွေဝေဝေနဲ့ သေဆုံးရတတ်တယ်၊
သေပြီးနောက် အပါယ်ငရဲ ရောက်တတ်တယ်လို့ သီလပျက်သူ အပြစ် (၅) ပါးပြထားပါတယ်။
နောက်ပြီး သတ်တာ ဖြတ်တာစတဲ့ ဒုစရိုက်အလုပ်တွေလုပ်ရင်လည်း အဂ်ုတ္တိုရ် ပဥ္စကနိပါတ်ပါဠိတော် ပဌမဒုစ္စရိတသုတ်မှာ-
မိမိကိုယ်တိုင် မိမိကိုယ်ကို စွပ်စွဲခြင်း၊
ပညာရှိတို့ကဲ့ရဲ့ခြင်း၊
မကောင်းသတင်း ကျော်စောခြင်း၊
သူတော်ကောင်းတရားမှ ကင်းခြင်း၊
မသူတော်တရား၌ တည်ခြင်းဆိုပြီး ဒုစရိုက်မှု လွန်ကျူးသူရဲ့ အပြစ်တွေကို (၅) ပါး ပြဆိုထားပါတယ်။
ဒါ့ကြောင့် မကောင်းမှုကို ငါလွန်ကျူးတာ နည်းနည်းလေးပါ၊ ဒီလောက်နဲ့တော့ မကောင်းကျိုးပေးမှာ မဟုတ်ပါဘူးလို့ မကောင်းမှုကို
အထင်မသေးလိုက်ဖို့ပါ။ မကောင်းမှုဆိုတာ နည်းနည်းချင်း လွန်းကျူးရင်းက တဖြည်းဖြည်းနဲ့ ကျင့်သားရလာရင် မကောင်းမှု နယ်ပယ်
ကနေ ရုန်းကန် မထွက်နိုင်တော့ဘဲ မကောင်းမှုတွေနဲ့ ပြည့်နေတဲ့သူ ဖြစ်လာတတ်ပါတယ်။
ဒါ့ကြောင့် တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်း သူတော်ကောင်းတို့ဟာ-
“မကောင်းမှုဆိုတာ နည်းနည်းချင်း လွန်ကျူးရင်း များလာတတ်တာကြောင့် သီလပျက်ရင်လည်း မကောင်းမှု၊ ဒုစရိုက်တရားတွေကို လွန်ကျူးနေရင်လည်း
မကောင်းမှုဖြစ်တာကြောင့် မကောင်းမှုဆိုတာ နည်းနည်းလေး လွန်ကျူးမိလည်း မကောင်းကျိုး ရတတ်ပါတယ်။ ဒါ့ကြောင့် မကောင်းမှုကို နည်းနည်းလေးလုပ်မိတာပါ။
ဒီလောက်လေးနဲ့ ဘာမှ မဖြစ်လောက်ပါဘူးလို့ အထင်မသေးဘဲ မကောင်းမှုကို နည်းနည်းလေးကစ သတိထားကာ ရှောင်ရှားနိုင်ကြဖို့ပါပဲ..မိတ်ဆွေတို့။
ဒီတရားလေး နာကြားပြီး-
(က) မကောင်းမှုတွေထဲမှာ ဘယ်မကောင်းမှုက အဖြစ်အများဆုံးပါလဲ?
(ခ) ဖြစ်နေကျ မကောင်းမှုကို ရှောင်ရှားနိုင်ဖို့ ကြိုးစားဖူးပါသလား?
(ဂ) မကောင်းမှုဆိုတာ ကြီးကြီးမားမားလုပ်မှ မကောင်းကျိုး ပေးတာလား?
ဖြေကြားကာ “မကောင်းမှုကို နည်းနည်းများများ သတိထားကာ ရှောင်ရှားနိုင်တဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါစေ” ။ (၂၅.၁၀.၂၃)
