ထေရုပ္ပတ္တိ
ဓမ္မဓရဝါဆိုကျောင်းတိုက် ပဓာနနာယကဆရာတော်
ဘဒ္ဒန္တကုမာရ၏ ထေရုပ္ပတ္တိအကျဉ်း
ဘဒ္ဒန္တကုမာရသည် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ရှည်ရွာ၌ အဖဦးထွန်းမှီ+ အမိဒေါ်အေးစိန်တို့မှ ၁၃၂၉-ခုနှစ် ပြာသိုလဆုတ်(၁၅)ရက်၊ တနင်္လာနေ့တွင် မီးရှုးသန့်စင် ဖွားမြင်တော်မူသော သားရတနာတစ်ပါးဖြစ်သည်။
ဘဒ္ဒန္တကုမာရသည် ၁၃၃၉-ခုနှစ်တွင် စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့၊ ရတနာရပ်ကွက်၊ အိုးကုန်းကျောင်း ဆရာတော်ဘဒ္ဒန္တအာဒိစ္စမဟာထေရ်ကို ဥပဇ္ဈာယ်ပြု၍ ကျွန်းလှမြို့၊ ရတနာရပ်ကွက်၊ ခမည်းတော် ဦးထွန်းမှီ+ မယ်တော်ဒေါ်အေးစိန် တို့၏ ပစ္စယာနုဂ္ဂဟကိုခံယူ၍ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။
ဘဒ္ဒန္တကုမာရသည် ၁၃၄၉-ခုနှစ်၊ ကဆုန်လဆုတ်(၅)ရက်၊ ကြာသပတေးနေ့၊ နံနက်(၈း၃၀) နာရီအချိန်၌ ကျွန်းလှမြို့၊ ရတနာရပ်ကွက်၊ အိုးကုန်းကျောင်းခဏ္ဍသိမ်၌ သပြေသာရွာ၊ သပြေသာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကုဏ္ဍလမဟာထေရ်ကို ဥပဇ္ဈာယ်ပြု၍ ကျွန်းလှမြို့၊ ရတနာရပ်ကွက်၊ ခမည်းတော် ဦးထွန်းမှီ+ မယ်တော် ဒေါ်အေးစိန် မိသားစုတို့၏ ပစ္စယာနုဂ္ဂကိုခံယူပြီး မြင့်မြတ်သော ရဟန်းအဖြစ်သို့ရောက်ရှိခဲ့ပါသည်။
ဘဒ္ဒန္တကုမာရသည် အစိုးရမူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်း၊ ဝိနယဝိဒူဘွဲ့ များကိုအောင်မြင်တော်မူခဲ့ပြီး၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)၌ သာသနတက္ကသီလ ဓမ္မာစရိယ B.A(Buddh)ဘွဲ့ကို ရရှိတော်မူခဲ့သည်။ ၁၃၆၅-ခုနှစ်တွင် သာသနတက္ကသီလမဟာဓမ္မာစရိယ M.A(Buddh) ဘွဲ့ကို ရရှိခဲ့သည်။
ဘဒ္ဒန္တကုမာရသည် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ပိဋကတ်ဆိုင်ရာ အင်္ဂလိပ်စာပေဌာန၌ (၁-၁၁-၂၀၀၁)နေ့တွင် နည်းပြတာဝန်ကို စတင်ဆောင်ရွက်ခဲ့ပါသည်။ ၂၀၀၆ ခုနှစ် စက်တင်ဘာလမှစ၍ ယခုအချိန်ထိ ပိဋကတ်ဆိုင်ရာအင်္ဂလိပ်စာပေဌာန၌ ကထိကတာဝန်ကို ထမ်းဆောင်လျက်ရှိပါသည်။
ယခုအခါ ဓမ္မဓရဝါဆိုကျောင်းတိုက်ကြီးကို တည်ထောင်လျှက် စာသင်သံဃာ အပါး ၄၀၀-ကျော်တို့အားလည်း ပရိယတ္တိစာပေများကို သင်ကြားပို့ချပေးတော်မူရင်း သာသာပြုလုပ်ငန်းများကို ဆောင်ရွက်လျှက် ရှိပါသည်။
ဓမ္မဓရ အမည်ရပုံ
ဓမ္မဓရ ဟူသောအမည်မှာ ဓမ္မနှင့်ဓရဟူသော ပါဠိစကားနှစ်ရပ်ကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ ဓမ္မ ဟူသည်မှာ တရားဟု အဓိပ္ပါယ်ရပြီး ဓရဆိုတာကတော့ ဆောင်ထားခြင်းဟု အဓိပ္ပါယ်ရပါသည်။ ၎င်းပါဠိ နှစ်ပုဒ်ကို ပေါင်းစပ်လိုက်သောအခါ ဓမ္မဓရ တရားကို ဆောင်ထားသူဟု အဓိပ္ပါယ်ရပါသည်။
ဓမ္မဓရ ဆိုတဲ့စကားလုံးကို ပထမဆုံးသုံးစွဲလိုက်သူကတော့ မင်းကွန်းဆရာတော်ကြီးလို့ လူသိများတဲ့ တိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ ဆရာတော်ကြီးဖြစ်ပါသည်။ ဆရာတော်ကြီးသည် အများအကျိုး၊ သာသနာ့အကျိုးကို ဆောင်ရွက်ရာတွင် တစ်ခေတ်မှာ တစ်ပါးဆိုရ လောက်အောင် ထူးကဲလှတဲ့ဆရာတော်ကြီးတစ်ပါး ဖြစ်ပါသည်။ ဆရာတော်သည် ပိဋကတ်သုံးပုံဆောင် စာတတ်တစ်ပါးဖြစ်ရုံမက အကျင့်သီလလည်းကောင်းပါသည်။ စိတ်ကောင်းလည်းရှိသော ဆရာတော်တစ်ပါး ဖြစ်ပါသည်။ ထိုသို့ စိတ်ကောင်း၊ အကျင့်သီလကောင်း၊ စာတတ် တစ်ပါးဖြစ်ရန်မှာ မလွယ်ကူလှပါ။ ဆရာတော်ကြီးသည် မလုပ်မပြော၊ လုပ်မှပြော၊ သဘောစင်လှစေ။ အပြောသာချဲ့၊ အလုပ်မဲ့၊ ကဲ့ရဲ့မလွတ်ချေ ဟု ဆုံးမခဲ့ပါသည်။ သူ့ဆုံးမသြဝါဒအတိုင်း လုပ်သလိုပြောပြီး ပြောသလိုလုပ်သွားခဲ့ပါသည်။
ဆရာတော်ကြီးသည် ပျံလွန်တော်မူခါနီးတွင် ဒီဘ၀ ကုသိုလ်ကောင်းမှု အစုစုကြောင့် တာဝတိံသာနတ်ပြည်၌ ဓမ္မဓရ သောတာပန်နတ်သား ဖြစ်ပါစေ။ သူတစ်ပါးကိုလည်း တရားဟော၊ ကိုယ်တိုင်လည်း ဆင်ခြင်ပြီး သောတာပန် ဖြစ်ရပါလို၏လို့ ဆုတောင်းသွားတော်မူခဲ့ပါသည်။ ဒါကိုပဲ ဆရာတော်ကြီးက-
ဒုတိယေ အတ္တဘာဝမှိ၊ လဒ္ဓါ သပ္ပည နိဿယံ။
ဓမ္မဓရောတိ နာမေန၊ သောတာပန္နော မရူဘဝေ။
ဟုရေးသားတော်မူခဲ့ပါသည်။
ဆရာတော်ကြီးသည် သက်တော်(၈၀)ကျော်မှ နယ်တကာလှည့်တရားဟောပြီး မန္တလေးမြို့နှင့် ရန်ကုန်မြို့များတွင် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ကြီးများကို အားကြိုးမာန်တက် တည်ထောင်တော်မူခဲ့ပါသည်။ ဆရာတော်ကြီးတည်ထောင်တော်မူခဲ့သော သာသနာ့တက္ကသိုလ်မှ ပေါက်ဖွားလာသည့် အရှင်ကုမာရသည်လည်း ဆရာတော်ကြီး၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်များကို ချီးကျူးပူဇော်သောအားဖြင့် ဘွဲ့တော်၏ရှေ့တွင် ဓမ္မဓရ ကိုထည့်ပြီး ဓမ္မဓရအရှင်ကုမာရဟု အမည်တပ်ကာ တရားတော်များကို ဟောကြားတော်မူနေခြင်း ဖြစ်ပါသည်။
ဓမ္မဓရဝါဆိုကျောင်းတိုက် တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်
ဓမ္မဓရအရှင်ကုမာရသည် ငယ်စဉ်အခါက ဆင်းရဲချို့တဲ့ပင်ပန်းစွာ ပရိယတ္တိစာပေများကို ကြိုးစားခဲ့ရသည်။ သို့ဖြစ်၍ မိမိကျောင်းတိုက်တည်ထောင်သောအခါ ကိုရင်ငယ်များ မဆင်းရဲ မချို့တဲ့စေရန် ဆောင်ရွက်မည်ဟူသော ရည်ရွယ်ချက် သန္နိဋ္ဌာန်ချခဲ့ပါသည်။
ဓမ္မဓရဆရာတော်သည် နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်၌ ပရိယတ္တိစာပေများကို လေ့လာသင်ကြားရင်း သာသနာတော် ၂၅၀၀-ကျော် ခရီးရှည်ကြီး၏ ခရီးလမ်းတစ်လျှောက်၌ လိုအပ်ချက်များ၊ အားနည်းချက်များ၊ အားသာချက်များ၊ ခေတ်အခြေအနေများ စသည်တို့ကို လေ့လာမိခဲ့သည်။ လက်ရှိခေတ် ထေရဝါဒငါးနိုင်ငံရှိ ရဟန်းတော်များနှင့် ကမ္ဘာ့သာသနာ ပြုလုပ်ငန်းများ၊ ထေရဝါဒနိုင်ငံများတွင်လည်း ရဟန်းတော်များ၏ အားသာချက်၊ အားနည်းချက်များကို သတိပြုလေ့လာမိခဲ့သည်။ ယနေ့ခေတ် ကာလ၌လည်း ခေတ်နှင့်လျှော်ညီသော သာသနာပြုလုပ်ငန်းများကို လုပ်ဆောင်ရန် လိုအပ်လာနေ ပြီဖြစ်သည်ကိုလည်း သတိပြုမိခဲ့သည်။ သို့ဖြစ်၍ ဓမ္မဓရဝါဆိုကျောင်းတိုက်တွင် ပညာသင်ကြား သောကိုရင်များသည် ပိဋကတ်ကျမ်းစာ နှံ့စပ်စေရမည်။ အင်္ဂလိပ်စာလည်း တတ်မြောက်စေရမည် ဟူသောရည်ရွယ်ချက်ကို ထားရှိခဲ့ပါသည်။ ထို့ကြောင့် ယခုအခါ ဓမ္မဓရဝါဆိုကျောင်းတိုက်မှ စာသင်သားကိုရင်များသည် ပိဋကတ်ကျမ်းစာများအပြင် အင်္ဂလိပ်စာကိုလည်း သင်ကြား ကြရပါသည်။ ဘုရားသားတော် ရဟန်းသာမဏေများသည် စာတတ်ရုံဖြင့် မပြီးသေးပါ။ သူတစ်ပါး လှူဒါန်းထားသော ပစ္စည်းလေးပါးဖြင့် နေထိုင်ရသောကြောင့် စိတ်ကောင်းရှိဖို့လည်း မဖြစ်မနေ လိုအပ်ပါသည်။ သို့ဖြစ်၍ စိတ်ကောင်းစာတတ် ရဟန်းမြတ် ပေါ်ထွက်လာပါစေ ဟူသော ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်နေပါသည်။
တောင်မြို့၊ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသက ဘုရားရှင်တော် မပွင့်ပေါ်လျှင် လူတော်အများ စိတ်ကောင်းထားလည်း ဤကားကုသိုလ် အကုသိုလ်နှင့် ထိုထိုဘုံဘ၀ မသိရ များလှအပြစ်တွေ ဟု ရေးသားခဲ့ပါသည်။ ဘုရားရှင်၏ အဆုံးအမ သာသနာတော် မရှိလျှင် လူအများ ကုသိုလ်၊ အကုသိုလ်များကို ကောင်းစွာမသိနိုင်ပေ။ ဘုရားရှင်၏ အဆုံးအမရှိသောကြောင့်သာ ကုသိုလ်၊ အကုသိုလ်တရားများကို ကောင်းစွာသိရပေသည်။ သို့ဖြစ်၍ ဘုရားရှင်၏ အဆုံးအမသာသနာ အရှည်တည်တံ့ရန် လိုအပ်ပါသည်။ ဘုရားရှင်၏ အဆုံးအမ သာသနာရေရှည်တည်တံ့ရန်အတွက် ပရိယတ္တိသာသနာ သည်လည်း အရေးကြီးပါသည်။ ပရိယတ္တိသာသနာတော်မြတ်ကြီး အရှည်တည်တံ့ရန်အတွက် စာချဆရာကောင်းများလည်း လိုအပ်ပါသည်။ သို့ဖြစ်၍ ဓမ္မဓရဝါဆိုကျောင်းတိုက်၏ ရည်ရွယ်ချက်တစ်ခုမှာ စာချအကျော် ဆရာတော် ထွက်ပေါ်လာပါစေ ဟူ၍ဖြစ်ပါသည်။
ပရိယတ္တိသာသနာတော်အတွက် စာချဆရာကောင်းများ လိုအပ်သလို လူအများအတွက် ဟောဖေါ်ညွှန်ကြားပေးမည့် ပညာတတ်တရားဟောဆရာကောင်းများလည်း လိုအပ်ပါသည်။ ဓမ္မဓရဝါဆိုကျောင်းတိုက်မှ ပညာသင်ကြားပေးလိုက်သော စာသင်သားများသည် နောင်တစ်ချိန်တွင် ဗုဒ္ဓဘုရားရှင်၏ တရားတော်များကို လူတို့အား ပြန်လည်ဟောကြား ပေးနိုင်သော ပညာတတ် တရားဟောဆရာကောင်းများ ဖြစ်လာစေရန်လည်း ရည်ရွယ်ပါသည်။ သို့ဖြစ်၍ တရားဟောဖေါ် ဆရာတော် ထွက်ပေါ်လာပါစေ ဟူသော ဆောင်ပုဒ် ကိုလည်း ရည်ရွယ်ချက်ထဲတွင် ထည့်သွင်းထားပါသည်။
ပရိယတ္တိစာပေများ များစွာတတ်ကျွမ်းသော်လည်းပဲ စာပေမရေးသားသော ရဟန်တော်များ ရှိပါသည်။ လယ်တီဆရာတော်၊ မဟာဂန္ဓာရုံဆရာတော်၊ မင်းကွန်းဆရာတော်စသော စာတတ်ဆရာတော်များမှာ လူ့လောကအတွက် စာပေကျမ်းဂန်များ ရေးသားခဲ့ကြပါသည်။ ထိုသို့ရေးသားခဲ့သောကြောင့် ယနေ့ခေတ်လူတို့သည် ၎င်းဆရာတော်ကြီးများ၏ ဆုံးမလမ်းညွှန်မှု စာပေများကို ဖတ်၍မှတ်သားလိုက်နာကျင့်ကြံ နေကြပါသည်။ ထို့ကြောင့် သာသနာတော်အတွက် ပရိယတ္တိစာပေတတ်ကျွမ်းပြီး စာပေးရေးသားသော ဘုရားသားတော်ရဟန်းတော်များလည်း လိုအပ်ပါသည်။ ထို့ကြောင့် ဓမ္မဓရဝါဆိုကျောင်းတိုက်၌ စာရေးဆရာ မြတ်သံဃာ မှန်စွာ ပေါ်ထွန်းစေ ဟူသော ဆောင်ပုဒ်ကို လက်ကိုင်ထား၍ စာပေရေးသားနိုင်သော ရဟန်းတော်များ ပေါ်ထွန်းလာရေးကိုလည်း ရည်ရွယ်ပါသည်။
ဓမ္မဓရဝါဆိုကျောင်းတိုက်၌ စာပေသင်ကြားသော စာသင်သားများသည် ပိဋကတ်ဆိုင်ရာ ကွန်ပျူတာပညာများကိုလည်း တတ်မြောက်စေရမည်ဟူသော ရည်ရွယ်ချက်ကို ထားရှိခဲ့ပါသည်။ ယနေ့ခေတ်ကာလ၍ ပိဋကတ်တော်များကို လွယ်ကူစွာလေ့လာနိုင်စေရန် အိုင်တီနည်းပညာ များဖြင့် ပေါင်းစပ်ပြုလုပ်ဖန်တီးထားပြီ ဖြစ်ပါသည်။ ထို့ပြင် ဗုဒ္ဓအဆုံးအမ ဒေသနာတော်များကို ကမ္ဘာသို့ဖြန့်ရာ၌ အင်တာနက်နည်းပညာများကို အသုံးပြုနေပြီဖြစ်ပါသည်။ အင်တာနက်၊ အီးမေးလ်များဖြင့် ကမ္ဘာ့တစ်ဘက်ခြမ်းမှ ကမ္ဘာ့တစ်ဘက်ခြမ်းသို့ ဘာသာရေးပြဿနာများ မေးနိုင်ဖြေနိုင်နေပြီ ဖြစ်ပါသည်။ ကမ္ဘာ့တစ်ဘက်ခြမ်းမှ တင်ထားသော တရားတော်များ၊ စာပေများကို ကမ္ဘာ့တစ်ဘက်ခြမ်းမှ နာယူလေ့လာနိုင်နေပြီ ဖြစ်ပါသည်။ သို့ဖြစ်၍ ဓမ္မဓရဝါဆို ကျောင်းတိုက်မှ သင်ကြားပေးလိုက်သော ဘုရားသားတော်စာသင်သားများသည် ပိဋကတ်ဆိုင်ရာ အိုင်တီနည်းပညာများ တတ်မြောက်စေရန် အိုင်တီတတ်ကျွမ်း မြတ်ရဟန်း ပေါ်ထွန်းလာပါစေ ဟူသောဆောင်ပုဒ် ကိုလည်း ကျောင်းတိုက်၏ ရည်ရွယ်ချက်ထဲတွင် ထည့်သွင်းထားပါသည်။
အထက်ပါ ရည်ရွယ်ချက်များသည် တစ်ဦးတစ်ယောက် ကောင်းစားစေရန် ရွယ်ရွယ်ခြင်း မဟုတ်ဘဲ ဗုဒ္ဓသာသနာတော် အရှည်တည်တံ့စေရန် စွမ်းနိုင်သည့်ဘက်မှ ရည်ရွယ်လုပ်ဆောင် ခြင်း ဖြစ်ပါသည်။ ဓမ္မဓရဝါဆိုကျောင်းတိုက်သည် လူတို့၏ကောင်းကျိုးကို ဖြစ်စေသော ဗုဒ္ဓသာသနာတော်မြတ်ကြီး အရှည်တည်တံ့စေရန် အထက်ပါ ရည်ရွယ်ချက်များဖြင့် ရည်ရွယ် လုပ်ဆောင်နေပါသည်။ သို့ဖြစ်၍ ဗုဒ္ဓသာသနာ နေရောင်ဝါ ရှည်ကြာလင်းစေသော် ဟူသော သန္နိဋ္ဌာန်ကိုချ၍ ပရယတ္တိစာပေများကို သင်ကြားပို့ချပေးနေသော ကျောင်းတိုက်တစ်တိုက်အဖြစ် ဆက်လက်ရပ်တည်သွားမည်ဖြစ်ပါသည်။

